ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, June 2, 2012

Melbourne မြို့ ရေဋ္ဌာနဆီ လေ့လာရေးတစ်ခေါက်

(၁)  Yarra တမံ နှင့် Tarago ရေလှောင်ကန်

     မေလ ၃၁ ရက်နေ့ ၊ မနေ့ကတော့ ကျနော်တက်နေတဲ့ အတန်းအပါဝင် ကျောင်းသားတချို့ဟာ
Melbourne (မဲလ်ဘုန်း/မဲလ်ဘန်း) မြို့ ရေဋ္ဌာနရဲ့ ရေပြန်လည်သန့်စင်ရေးလုပ်ငန်းကို လေ့လာရေး
သွားခဲ့ကြတာကြောင့် မသိသေးသူတွေနဲ့ ဗဟုသုတ ဖလှယ်ချင်သူတွေအတွက် ရေးတင်လိုက်တာ
ပါ ။

 (၂)  ရေဋ္ဌာန အဝင်

     ပထမဆုံး ကျောင်းရဲ့ စီစဉ်ပေးမှုနဲ့ ရေဋ္ဌာနရဲ့ အစီအစဉ်တွေအရ အတိုချုပ်ကတော့ - မနက် ၁၀
နာရီလောက်မှာ အကြိုအပို့ကားနဲ့ မဲလ်ဘုန်းအနောက်တောင် ရေသန့်စင်ဋ္ဌာနရုံးခန်းကို ရောက်ပါ
တယ် ၊ မနက်စာ လ္ဘက်ရည်နဲ့မုန့်တိုက်ပြီး ရုံးနဲ့တွဲထားတဲ့ပြခန်းမှာ ရေစုဆောင်း ပေးဝေ ပြန်သန့်စင်
ပုံတွေကို  ရှင်းပြပါတယ် ။  ၁၁ နာရီကျော်လောက်မှာတော့ လာတဲ့ကားနဲ့ ဟက်တာ ၁၀၈၅၀ ကျယ်
တဲ့ ရေသန့်စင်ရာနေရာကို လှည့်ပြီးရှင်းပြလိုက်တာ တစ်နာရီကျော် ထပ်ကြာခဲ့ပါတယ် ။


(၃)  စိတ်ဆိုးစရာ မနက်စာ လ္ဘက်ရည်ပွဲ  (ကုန်မှ ရိုက်ထားတာပါ)

(၄)  ပြခန်းနဲ့ ရေအသုံးပြုမှု ရုပ်ပြရှင်းလင်းချက်

(၅)  ကွန်ပြူတာရုပ်သံနဲ့ ရှင်းပြချက်  (မသိရင်မေး မစင်ရင်ဆေးလို့ရတယ်)

     လေးသန်းကျော်ရှိတဲ့ မဲလ်ဘုန်းလူဦးရေကို သောက်ရေ သုံးရေ ပံ့ပိုးဖို့ရာ ဆည်ပေါင်း ၁၀ ခုရှိပြီး
အဲဒီကရေတွေကို ရေလှောင်ကန်တွေဆီပို့ပြီး ငါးလလောက်နှပ်ထားတယ်လို့ ဆိုပါတယ် ။ ပြီးမှ က
လိုရင်း ၊ ဖလိုရိုက်နဲ့ ထုံးဓါတ်တွေအပါဝင် အခြားဓါတုဗေဒပစ္စည်း အချို့ရောစပ်ပြီး တစ်မြို့လုံးကို
ရေဆက်ဖြန့်ပါတယ် ။ မြို့နယ်တိုင်းမှာ ရေသုံးသူတွေ အန္တရယ်ကင်းစေဖို့ ဓါတုပစ္စည်းပါဝင်မှု တိုင်း
တာတဲ့နေရာတွေ ရှိကြပါတယ် ။ ဒါကြောင့် ဒီမှာ ဘုံဘိုင်ရေကို ဘာမှရေစစ်စရာ မလိုပဲ တစ်ခါထဲ
ခွက်ထဲဖွင့်ထည့်ပြီး သောက်လို့ရပါတယ် ။

     သန့်ရှင်းတဲ့ သောက်သုံးရေတွေ ရနိုင်ဖို့အတွက် ဆည်တွေနဲ့ ပတ်ဝန်းကျင် တောအုပ်တွေကို
အပြင်လူဝင်ခွင့်မပေးပဲ တာဝန်ရှိသူတွေပဲ ဝင်လို့ရအောင် ထိန်းချုပ်ထားတာဟာ နှစ်ပေါင်း ၁၅၀
လောက်ရှိပြီလို့ ဆိုပါတယ် ။


(၆)  ပင်လယ်နားမှာ အစိမ်းရင့်ရောင် ရေသန့်စင်ရေးဋ္ဌာနနေရာနဲ့
ညာဖက်အပေါ်ထောင့်မှာ ရေထိန်းသစ်တောနဲ့ ဆည်တွေရှိပါတယ်

     ရေတွေကို သုံးပြီးရင် ရန်ကုန်မှာလို လှိုင်မြစ်ထဲ သွန်ချလိုက်လို့ မရပါဘူး ။ သဘာဝဝန်းကျင်ကို
အန္တရယ်ထက် အကျိုးဖြစ်အောင်နဲ့ မိုးခေါင်တတ်တဲ့ မဲလ်ဘုန်းလိုနေရာမှာ ရေကို အကျိုးရှိရှိ အသုံး
ချနိုင်ဖို့ ရေသန့်စင်ပြီး ပြန်သုံးနိုင်ဖို့ကလည်း အရေးကြီးပါတယ် ။

     အခု ရောက်ဖြစ်ခဲ့တဲ့ နေရာဟာ မဲလ်ဘုန်းအနောက် ရေပြန်လည်သန့်စင်ရာနေရာဖြစ်ပြီး အကျယ်
ဝန်းအနေနဲ့ စတုရန်းကီလိုမီတာ ၈၀၀ လောက် ရှိပါတယ် ။ မဲလ်ဘုန်း အနောက်တောင်မှာရှိတဲ့ ဒီနေ
ရာကို ၄.၅ မီတာ အချင်းရှိတဲ့ မိလ္လာပိုက်နဲ့ ရေဆိုးတွေကို ပို့ပါတယ် ။ ၃၆ ကီလိုမီတာလောက်ဝေးပြီး
၁၈၉၀ လောက်က စတည်ခဲ့တဲ့ ဒီနေရာကို လမ်းခုလတ်မှာ ရေဆိုးတွန်းပို့တဲ့ စက်တွေရှိပါတယ် ။ အဲ
ဒီအထဲက တစ်လုံးကိုတော့ ကနေ့မှာ သိပ္ပံပြခန်းအဖြစ် ပြောင်းလဲထားပြီး တစ်နယ်လုံးက ကျောင်း
သူကျောင်းသားတွေနဲ့ လူတိုင်းအတွက် သိပ္ပံဗဟုသုတမျိုးစုံကို မိတ်ဆက်ပေးနေပါတယ် ။ နောက်
ပိုင်းမှာ သီးသန့်ရေးပါဦးမယ် ။

(၇)  မြောင်းပေါက်ထဲကနေ ဟင်းလင်းပြင်ဆီ စထွက်ချိန်


     အပေါ်ကပုံမှာ မြေအောက်မိလ္လာပိုက်ကနေ မြေပေါ်ကိုထွက်လာပြီး နေရောင်အောက်မှာ မြောင်းနဲ့
ပေးစီးဆင်းထားတာကို တွေ့ရပါမယ် ။ ဒီလို မြေပေါ် မထုတ်ခင် ဓါတုပစ္စည်းနဲ့ ဆိုးရွားတဲ့ အနံ့အသက်
တွေကို အကြမ်းဖျင်း ဖြိုခွဲပေးတဲ့ စက်ရုံတစ်ရုံကို အရင်ဖြတ်ရပါတယ် ။ ဓါတ်ပုံရိုက်တဲ့နေရာမှာတော့
ခေါင်းမူးလောက်အောင် နံနေသေးပေမယ့် သိပ်မဆိုးလှတော့ဘူးလို့ ဆိုလို့ရပါတယ် ။

(၈)  ဓါတုပစ္စည်းတွေဖယ်ထုတ်ပြီး အောက်စီဂျင်ဓါတ်ငွေ့ ဖြည့်ပေးတဲ့ ဒလက်ကြီးတွေ

     မြောင်းထဲကရေတွေဟာ ဒီနေရာမှာ ပထမအဆင့် ပြင်ဆင်ပြီး ဘက်တီးရီးယားတွေနဲ့ အညစ်ကြေး
တွေကို ချေဖျက်ပေးမယ့် နောက်တစ်ကန်ကို ပို့ပြန်ပါတယ် ။


(၉)  မီသိန်းဓါတ်ငွေ့တွေနဲ့ ဖေါင်းနေတဲ့ကန်တွေ ၊ သန့်ရှင်းရေး ရေငုပ်ကိုကို နှစ်ယောက်

     အပေါ်ပုံမှာတော့ ဘက်တီးရီးယားတွေက အညစ်ကြေးတွေကို ချေဖျက်ရာက မီသိန်းဓါတ်ငွေ့
တွေတက်လာပြီး ဖုံးထားတဲ့ကန်အဖုံးတွေ ဖေါင်းကြွတက်နေတာ တွေ့နိုင်တယ် ။ ကန်ဘောင်ပေါ်
မှာ လမ်းလျှောက်နေသူတစ်ယောက် ၊ ထိုင်နေသူတစ်ယောက်ကို အထူးဝတ်စုံတွေနဲ့ တွေ့ရမယ် ။
ထိန်းသိမ်းရေး အင်ဂျင်နီယာတွေလား မဟုတ်ရင်လည်း ငါးနှစ်တစ်ခါလုပ်တဲ့ ပလပ်စတစ်လို အ
မှိုက်တွေကို ကန်အောက်ခြေမှာ ဆင်းကောက်နေသူတွေလားဆိုတာ သိပ်တော့မသေချာဘူး ။

     ဒီကန်တွေဟာ အကျယ် မီတာ ၂၀၀ ရှိပြီး ၊ အရှည်ကတော့ ၁.၅ ကီလိုမီတာ ရှိတယ် ။ အဓိက
ကန် ၁၀ ကန် ရှိပြီး ၊ အခြားကန် အကြီးအသေးပေါင်း ၅၅ ကန် ရှိသေးတယ် ။


(၁၀)  သန့်စင်ပြီးထွက်လာတဲ့ ပထမအဆင့်ကန်

 (၁၁)  နောက်ထပ်တစ်ဆင့်

      သန့်စင်ပြီး ထွက်လာတဲ့ရေတွေကို အေ ၊ ဘီ ၊ စီ ၊ ဒီ ဆိုပြီး အဆင့်ဆင့် ခွဲထားတယ် ။
     အပေါ်ပုံမှာ ပထမအဆင့် ထွက်လာတဲ့ရေတွေကို တွေ့ရမယ် ။ အာဟာရဓါတ် အများကြီးပါတဲ့
ဒီရေမှာ ရေမှော်တွေ အများကြီး ပေါက်နေပြီး ပုဇွန်ဆိတ်နဲ့ဆင်တဲ့ အကောင်လေးတွေ အများကြီး
ပေါက်ပွားတဲ့အတွက် အဝေးမှာ ဌက်တစ်အုပ်(ပုံ ၁၀)လည်း တွေ့နိုင်တယ် ။ ပုံ (၁၁) မှာတော့ အ
နည်ခံပြီး နောက်တစ်ဆင့် ကျလာတဲ့ကန်ပါ ။ ရေမှော်တင်မကတော့ပဲ မြက်ရိုင်းကိုင်းပင်တွေပါ စု
ပေါက်နေတာ တွေ့ရပါမယ် ။ ကန်ပေါင်း ၁၀ကန် ရှိတဲ့အထဲက မွှေ့ကန် ၊ မီသိန်းထုတ်ကန်နဲ့ နောက်
ထပ်နှစ်ကန်ကိုပဲ ရိုက်ထားတာပါ ။


(၁၂)  ပိုနေတဲ့မီသိန်းဓါတ်ငွေ့ကို မီးရှို့ထားပုံ

     အပေါ်မှာတော့ ပိုနေတဲ့ မီသိန်းဓါတ်ငွေ့ကို မီးရှို့ထားပုံပါ ။ ဒီကထွက်တဲ့ မီသိန်းဓါတ်ငွေ့ကနေ
လျှပ်စစ်ဓါတ်အား ၃.၆ မီဂါဝပ် ထုတ်ပေးပါတယ် ။

     ဒီလုပ်ငန်းခွင်နဲ့ မနီးမဝေး ပြည်နယ်အစိုးရပိုင်မြေတွေမှာ ဒီကထွက်တဲ့ရေတွေနဲ့ ဖြန်းထားလို့ မြေ
သြဇာကောင်းလှတဲ့မြေတွေကို ရာသီပေါ်သီးနှံတွေစိုက်ဖို့ လယ်သမားတွေကို သီးစားချပါတယ် ။ ဒါ့
ပြင် မြက်တွေလည်း ဖြစ်ထွန်းတဲ့အတွက် တစ်ခါတစ်ရံ နွားကောင်ရေ တစ်သောင်းခွဲနဲ့ သိုးကောင်ရေ
သုံးသောင်း နှစ်ထောင်လောက်ဟာ ဒီအလုပ်ခွင် ဝင်းထဲတစ်ဝိုက်မှာ ကျက်စားကြပါတယ် ။


 (၁၃)  လုပ်ငန်းခွင်ဧရိယာထဲက ချောင်းလေးထဲမှာတွေ့ခဲ့ရတဲ့ ငန်းတစ်အုပ် (အနီးကပ် ဆွဲကြည့်ပါ)

     ဒီလုပ်ငန်းခွင်ထဲက ကန် ၅၀ ကျော်ဟာ အများအားဖြင့် ရေတိမ်ကန်တွေဖြစ်ပြီး အချို့ကန်တွေကို
တစ်ခါတစ်ရံ ရေတွေထုတ်ပြီး မြက်တွေပေါက်အောင်လုပ် ၊ ပြီးမှ ရေပြန်ဖြည့်ပြီး မြက်တွေသေ ငါးနဲ့
အခြားအကောင်တွေ ပေါက်ဖို့အတွက် အခြေနေရအောင် ဖန်တီးပေးတတ်ပါတယ် ။ ဒါ့ပြင် ဒီလိုလုပ်
ပေးပြီး ကျယ်ပြန့်တဲ့ နေရာဖြစ်တာကြောင့် ဗစ်တိုးရီးယားပြည်နယ်ထဲက ရွှေ့ပြောင်းဌက်ကောင်ရေရဲ့
သုံးပုံတစ်ပုံဝန်းကျင်ဟာ ဒီနေရာမှာ ကျက်စားပါတယ် ။ အချို့ဌက်တွေဟာ တရုတ် ၊ ဂျပန်နဲ့ ရုရှဆိုက်
ဘေးရီးယားလို နေရာတွေကဖြစ်ပြီး ဆောင်းလာခိုတတ်ကြတယ်လို့ ဆိုပါတယ် ။

     ဌက်တွေကြည့်ဖို့ ၊ ဒီလုပ်ငန်းကို လေ့လာဖို့ရာ အစုအဖွဲ့လိုက် ၊ ကျောင်းအလိုက် ကြိုတင်စာရင်း
ပေးကြရပါတယ် ။ ကမ္ဘာပေါ်မှာ အဆင့်မြင့် လုပ်ငန်းခွင်တစ်ရပ်လည်း ဖြစ်တာကြောင့် နိုင်ငံရပ်ခြား
ကနေလည်း လာလေ့လာလို့ ရပါတယ် ။ ကြိုတင်စာရင်ပေးဖို့တော့ လိုပါတယ် ။ ကျနော်တို့အဖွဲ့အ
တွက် တစ်လကျော်လောက် ကြိုတင်လျှောက်ထားခဲ့ရပါတယ် ။


(၁၄)  ဖီးလစ်ဆိပ်ကမ်းပင်လယ်ကွေ့ထဲကို စီးထွက်သွားတဲ့ သန့်စင်ပြီးရေ

     ဒီလုပ်ငန်းက သန့်စင်ပြီးတဲ့ရေတွေဟာ ဘီနဲ့စီအဆင့်လောက်ကို စိုက်ပျိုးရေးအတွက် သုံးကြပြီး
အမြင့်ဆုံး အေအဆင့်ကိုတော့ မြို့ဖက်ကို ပြန်ပို့ပြီး ဘောလုံးကွင်းရေဖြန်းဖို့ ၊ ရေအသုံးများတဲ့ ပလပ်
စတစ်နဲ့ သံစက်ရုံလိုတွေမှာသုံးဖို့ စသည်ဖြင့်သုံးပြီး ပိုတဲ့ရေတွေကိုတော့ အပေါ်ပုံက ဖီးလစ်ဆိပ်ကမ်း
ပင်လယ်ကွေ့ထဲကို လွှတ်ထုတ်လိုက်ပါတယ် ။ ဒီရေတွေဟာ အာဟာရတွေ အတန်သင့်ပါတာကြောင့်
ရေညှိရေမှော်တွေရှင်သန်ဖို့နဲ့ ရေနေသတ္တဝါတွေအတွက် အထောက်အကူလည်း ပေးပါတယ် ။

     စိတ်ဝင်စားရင်တော့ သက်ဆိုင်ရာ ပညာရေးလင့်မှာ သွားဖတ်ကြည့်ရင် ကျနော် ထည့်မပေးနိုင်
တာတွေကို တွေ့ရပါလိမ့်မယ် ၊ သောက်သုံးရေဆည်တွေထဲမှာ ရေပမာဏ ဘယ်လောက်ရှိနေသလဲ
ဆိုတာကအစ ပုံမှန် နေ့တိုင်း တိုင်းတာချက်တွေကို တွေ့နိုင်ပါတယ် ။ သြစတြေးလျမှာ ခုလို အများ
ပြည်သူနဲ့ ဆိုင်တာတွေကို လက်တွေ့စာတွေ ဖြန့်ဝေပညာပေးနေတာတွေဟာ အားကျစရာကောင်း
လှပါတယ် ။

     အခြား စီးပွားရေး ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ စားသုံးသူ အကူညီပေးရေးကအစ ဥပဒေ လုပ်ထုံးလုပ်

နည်း အကူအညီ အခွင့်အလမ်းတွေကို အလွယ်တကူ ရယူနိုင်ကြအောင် စီမံထားတာမျိုးကို သိဖူး
မြင်ဖူး မြည်းစမ်းဖူးမယ်ဆိုရင် ၊ မြန်မာပြည်မှာလည်း သင်္ခန်းစာယူစရာတွေ အနည်းနဲ့အများ ရနိုင်
လိမ့်မယ်လို့ ယူဆတယ် ။ ဒါပေမယ့် လောစရာတော့လည်း သိပ်မလိုပါဘူး ၊ ထိုင်းနဲ့ မလေးရှားလို
ကိုယ့်ရှေ့မှာ ဆယ်စုနှစ်နဲ့ချီပြီး အကျောရနေသူတွေတောင် သိပ်မလုပ်နိုင်ကြသေးပါဘူး ။

     ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ ၊ မလျော့မတင်း စောင်းကြိုးညှင်းပေါ့နော ။


မန်းကိုကို
၀၂ ၊ ၀၆ ၊ ၂၀၁၂

No comments:

Post a Comment